အစားအသောက်မဆင်ခြင်ရင် လေ့ကျင့်ခန်းလုပ်လည်း မကျန်းမာပါ
အာဟာရပြည့်ဝစွာ စားသောက်ခြင်းဟာ လူတစ်ယောက်ရဲ့ ကျန်းမာရေးအတွက် အရေးအကြီးဆုံး နံပါတ် ၁ အချက်ဖြစ်တယ်လို့ လေ့လာချက်တွေက ညွှန်းဆိုဖော်ပြနေကြပါတယ်။ ဘာကြောင့်ပါလဲ။
လူတစ်ချို့က နေ့စဉ် Gym တွေသွားပြီး အားကစားတွေလုပ်ကြတယ်။ ဒါပေမယ့် ကျန်းမာရေးနဲ့ညီညွတ်အောင်တော့ စားသောက်မှီဝဲတာမျိုးမလုပ်ကြဘူး။ ဒီလိုအမူအကျင့်မျိုးဟာ သင့်ကိုကျန်းမာစေမှာမဟုတ်ပဲ အသက်သေဆုံးနိုင်ခြေပိုများအောင်တောင် တွန်းပို့နေတယ်လို့ ဩစတြေးလျနိုင်ငံက ဆေးပညာရှင်တွေပြုလုပ်တဲ့ သုတေသန စစ်တမ်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။
အဲဒီလေ့လာချက်မှာ ဆက်ပြီးဖော်ပြထားတာကတော့ အစားအစာတွေကို သမမျှတစွာနဲ့ အာဟာရပြည့်ဝစွာ မှီဝဲစားသောက်ပြီး ကိုယ်လက်လေ့ကျင့်ခန်းကိုလည်း ပုံမှန်ပြုလုပ်တဲ့သူတွေဟာ ကင်ဆာ၊ နှလုံးရောဂါစတဲ့ ကျန်းမာရေးပြဿနာတွေနဲ့ အသက်သေဆုံးရနိုင်ခြေ ၂၀% ပိုမိုနည်းပါးကြတယ်လို့ ဆိုပါတယ်။
ကိုယ်လက်လှုပ်ရှားမှု တစ်မျိုးတည်းကိုပဲ ပြုလုပ်သူတွေကတော့ ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသောက်နေထိုင်သူတွေလောက် အခြေအနေမဆိုးနိုင်ပေမယ့် သိသိသာသာကြီးတော့ အသက်ရှည်နိုင်ခြေ မရှိဘူးလို့ စစ်တမ်းက ဖော်ပြခဲ့ပါတယ်။
အာဟာရပြည့်ဝစွာစားသောက်ပါ
အရပ်ရပ်အခြေအခြေ လေ့လာချက်တွေကလည်း အာဟာရပြည့်ဝစွာ မှီဝဲစားသောက်မှုဟာ သင့်ကျန်းမာရေးအပေါ် သိသာထင်ရှားစွာ သက်ရောက်မှုရှိနေပြီး ပျော်ရွှင်ကျန်းမာစွာ အသက်ရှင်နေထိုင်နိုင်ဖို့ သိပ်ကိုအရေးပါတယ်ဆိုတာကို သက်သေပြနေပါတယ်။
နေ့စဉ်လိုအပ်တဲ့ ဗီတာမင်နဲ့ သက်စောင့်ဓာတ်တွေကို မှီဝဲစားသောက်ခြင်းအားဖြင့် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မလုပ်ငန်းစဉ်တစ်ခုလုံး ပုံမှန်လည်ပတ်နိုင်မှာဖြစ်ပြီး စိတ်ရောကိုယ်ပါ ကျန်းမာပြီး ပျော်ရွှင်နိုင်မှာဖြစ်ပါတယ်။
အာဟာရပြည့်ဝစွာ ဘယ်လိုစားသောက်မလဲ
အာဟာရပြည့်ဝစွာ မှီဝဲစားသောက်ပါဆိုတဲ့ စကားက ပြောရတာလွယ်ပါတယ်။ ဒါပေမယ့် ဘယ်ပုံဘယ်နည်း အာဟာရပြည့်ဝစွာနဲ့ စားသောက်မှီဝဲကြမလဲ။ ဒါနဲ့ပတ်သက်ပြီး နည်းလမ်းကောင်းလေးတွေကို ပြောပြပေးချင်ပါတယ်။
1. Fiber ကြွယ်ဝစေဖို့ ကစီဓာတ်များတဲ့ အစားအစာတွေကို မှီဝဲပါ - အာလူး၊ ပေါင်မုန့်၊ ဆန်၊ စီရီယယ်စတဲ့ အစားအစာတွေဟာ ကစီဓာတ်ကြွယ်ဝပြီး ၎င်းတို့ဟာ ခွန်အားဖြစ်စေတဲ့ အစားအစာတွေဖြစ်ပါတယ်။
2. ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေ များများစားပါ - အရွက်တွေနဲ့ သစ်သီး၊ သစ်ဥ၊ သစ်ဖုတွေကို နေ့စဉ်နေ့တိုင်း စားသုံးပေးဖို့လိုအပ်ပြီး တစ်နေ့ကို ၅ ကြိမ်အထိ စားပေးဖို့ လိုအပ်ပါတယ်။
3. ငါးစားဖို့လည်း မမေ့ပါနဲ့ - နေ့စဉ်မှီဝဲစားသောက်မယ့် အစားအစာတွေထဲမှာ ငါးကိုလည်း ချန်ထားခဲ့လို့မရပါဘူး။ ငါးကို တစ်ပတ် ၂ ကြိမ်လောက် စားပေးသင့်ပါတယ်။ အထူးသဖြင့် အဆီဓာတ်ကြွယ်ဝတဲ့ ငါးမျိုးတွေကိုပိုစားသင့်ပါတယ်။ ငါးရဲ့ အဆီဓာတ်ဟာ လူကို ဘေးဥပါဒ်မဖြစ်စေတာကြောင့်ပါ။
4. မကောင်းတဲ့အဆီနဲ့ သကြားကို ရှောင်ပါ - Saturated fat နဲ့ သကြားဓာတ်တွေဟာ အဝလွန်တာ၊ နှလုံးရောဂါဖြစ်စေတာလိုမျိုး လူ့ခန္ဓာကိုယ်ရဲ့ ကျန်းမားရေးကို ထိခိုက်စေနိုင်တဲ့ အရာတွေဖြစ်တာမို့ တတ်နိုင်သမျှ လျှော့ချစားသုံးသင့်ပါတယ်။ ဒီအရာတွေဟာ အသင့်စားအစားအစာတွေနဲ့ အဆီကြော်စာတွေမှာ အများဆုံး ပါရှိတတ်ပါတယ်။
5. ဆားစားသုံးမှုကို လျှော့ချပါ - ဟင်းလျာတွေ အရသာရှိစေဖို့ ဆားက မပါမဖြစ် ဟင်းခတ်တစ်မျိုးဖြစ်ပေမယ့် လွန်ကဲလာရင်လည်း ကျန်းမာရေးထိခိုက်နိုင်ပါတယ်။ ဒါကြောင့် စားသုံးစွဲမှု ပမာဏကို လျှော့ချဖို့က သိပ်ကိုအရေးကြီးတဲ့ ကိစ္စတစ်ခုပါ။
6. ရေများများသောက်ပါ - လူတစ်ယောက်ဟာ တစ်နေ့ကို ရေ ၈ ခွက်ထက်မနည်း သောက်သုံးပေးသင့်ပါတယ်။ ရေဓာတ်ပြည့်ဝနေခြင်းဟာ အသားအရေလှပမှုအပြင် ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းပေါင်း မြောက်များစွာအတွက်အကျိုးရှိစေတဲ့ ကိစ္စရပ်တစ်ခုပါ။
ဒီနည်းလမ်း ၆ ခုကတော့ အာဟာရပြည့်ဝပြီး ကျန်းမာနေစေမယ့် မှီဝဲစားသောက်မှုနည်းလမ်းတွေဖြစ်ပါတယ်။ ဒီနည်းလမ်းတွေကိုလိုက်နာပြီး ကိုယ်လက်လေ့ကျင့်ခန်းကိုလည်း ပုံမှန်ပြုလုပ်ပေးမယ်ဆိုရင် နေ့စဉ်ဘဝအတွက် အလွန်အထောက်အကူဖြစ်စေမှာဖြစ်ပြီး အသက်ရှည်ကျန်းမာစေပါလိမ့်မယ်။
ရေးသားသူ - ရဲဇွန်အောင်